Ne pas choisir, c'est encore choisir ဆိုတဲ့ quote လေးကြောင့် ဆင့်ပွားတွေးမိတာလေးတွေပေါ့။ Not choosing is still a choice လို့ပြောတာတဲ့။
နှိုင်းယှဉ်စရာ (၂) ခုရှိလာပြီး တစ်ခုခုကို လက်လွှတ်ရတော့မဲ့ကာလမျိုးဆို ကျွန်တော်တို့ပြောနေကျ စကားပေါ့။ ဘယ်အရာမှ အလကားမရှိဘူး There is always a catch/price ဆိုပြီး စိတ်ဖြေကြတယ်။
ဒါပေမဲ့ အဲသည်လိုပြောရင်းကပဲ "ငါကတော့ ဘယ်လောက်ပေးဆပ်လိုက်ရတာ၊ စွန့်လွှတ်လိုက်ရတာ၊ နားလည်ပေးလိုက်ရတာ" ဆိုတာတွေ ပြောမိကြပြန်ရော။ ငါကဘာမှ မမျှော်လင့်ခဲ့ပါဘူး သူပျော်နေဖို့ပါပဲလို့လည်း ပဏာယူတတ်သေးတာပေါ့။
များသောအားဖြင့် အရာဝတ္ထုအပေးအယူထက် စိတ်ပိုင်းဆိုင်ရာအပေးအယူပိုများတဲ့ သူငယ်ချင်းမိတ်ဆွေ၊ မိဘ သားသမီး၊ ချစ်သူတွေကြားပြောမိတတ်လိမ့်မယ်လို့ ချက်ချင်းတွေးချင်စရာပဲ။ "ဒီလူတစ်ယောက်ကို လက်လွှတ်လိုက်ရတာနဲ့ ဒီဟာလုပ်ရတာ (ခွင့်လွှတ်ရ၊ ဖြည့်ဆည်းရ၊ နားလည်ရတာတွေ) ဘယ်ဟာပိုလွယ်လဲ" ဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ မသိလိုက်ဘဲ အမြဲပြန်မေးနေရတာကိုး။ လက်လွှတ်လိုက်ရတာ ပိုလွယ်သွားတဲ့နေ့တွေလည်း ရှိတာပေါ့။ သူပျော်နေရင် ဘာမှမလိုပါဘူးဆိုတာကတောင် သူပျော်နေအောင်လုပ်ပေးထားတဲ့ ပီတိဆိုတာလေးနဲ့ ကိုယ့်အတ္တကို အစာပြန်ကျွေးရတဲ့ နှစ်ဖက်မျှအပေးအယူပဲမို့ သူပျော်ပျော် ငိုငို ခံစားစရာမရှိတော့ဘူးဆိုတဲ့အခါ ခွာရပြဲရတာပါပဲ။
ဒါပေမဲ့ အဲဒိမေးခွန်းကို ကိုယ့်အတွက်ကိုယ် ပြန်မေးရတာ ပိုများမယ်တယ်ဆိုရင် ယုံပါ့မလားပဲ။တစ်ခုခုကို ရွေးရတော့မယ်ဆိုရင် ဘာကိုရွေးရမလဲထက် ဘာကိုလက်လွှတ်လို့ရလဲကို ပိုကြည့်တတ်ကြတာတာ ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ ဘာလုပ်လုပ် ကျွန်တော်တို့မှာ ရွေးစရာတွေချည်းပဲ။ ရွေးစရာမရှိဘဲ တစ်လမ်းပဲရှိရင်တောင် ဒီလမ်းကိုလျှောက်မလား မလျှောက်ဘူးလားရွေးလို့ရနေသေးတာကိုး။
ကိုယ့်ဘက်မှာ နှစ်တွေအကြာကြီး မျှော်လင့်ခဲ့သမျှကို စွန့်လွှတ်ဖို့ဆုံးဖြတ်မိသွားတဲ့အချိန်မှာ Not choosing is still a choice ဆိုတာကို ပိုနားလည်လာသလိုပဲ။ မဖြစ်နိုင်တဲ့ဘက်မှာ ရာခိုင်နှုန်းသိပ်များနေတာသိလျက်နဲ့ Let's Enjoy ဆိုပြီး ဖြစ်နိုင်ချေအားလုံးကို မေ့ပစ်ထားဖို့ အတူတူရွေးချယ်ထားခဲ့ကြတာတွေ၊ Till the death do us apart မဟုတ်တောင် till your family do us apart ဆိုတဲ့ထိ အတူတူရှိကြဖို့ အားတင်းခဲ့ပြီးမှ "ငါတို့ သိပ်ပင်ပန်းနေပြီ" ဆိုတာကို သိလာချိန် မနေ့ကထိ လက်စွပ်ဆင်တူဝယ်ဖို့တိုင်ပင်ရင်း နောက်တစ်ရက်မှာ အဆုံးသတ်ဖို့ ပြောဖြစ်ကြတာတွေကို ပြန်မြင်လာတိုင်း ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တကယ်မရွေးချယ်ဖို့ ရွေးချယ်ထားခဲ့မိတာ ဘယ်အချိန်ကတည်းကလဲဆိုတဲ့မေးခွန်းကိုပဲ ထပ်ကာတလဲလဲ မေးနေမိတော့တာပါပဲ။
အတူရှိနေချိန် အစွမ်းကုန်ချစ်ပေးခဲ့ဖူးလို့ ဝေးရချိန်မှာ နောင်တရစရာမရှိဘူးဆိုတဲ့စကားကို ယုံကြည်ခဲ့ကြဖူးတဲ့လူနှစ်ယောက်ဟာ အတူတူရှိခဲ့တာကို နောင်တမရကြပေမဲ့ အတူဆက်မရှိတော့မှာကိုတော့ ကြေကွဲခွင့်ရှိတယ်မဟုတ်လားလေ........။
LWINT
Comments
Post a Comment